Thursday, February 21, 2013

မွေးကင်းစကလေး၏ ဆံပင်ကိုကြည့်ရုံဖြင့် ကလေး၏ ပင်ကိုယ်အရည်အသွေးကို သိရှိနိုင်

လူသည် အကောင်းနှင့်အဆိုးရှိ၏။ ဘ၀ခရီးလမ်းမှာလည်း ကြမ်းတမ်းခြင်း ၊ ညင်သာချောမွေ့ခြင်းတို့နှင့်လည်း ကြုံဆုံရပေမည်။ အရေးကြီးသည်မှာ လူ၏ စရိုက်ဗီဇပင် ဖြစ်ပါသည်။ ဗီဇ,စရိုက်သည် မွေးဖွားလာကတည်းကပင် အများအားဖြင့် ပါလာတတ်သည်။ ယင်းဗီဇ,စရိုက်သည် ကောင်းမွန်သော ဗီဇ,စရိုက်ဖြစ်ရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ပြုပြင်ပေးရန် အရေးကြီး၏။ လူတစ်ဦး၏ ရုပ်လက္ခဏာကို ဖတ်ရှု့တတ်သူအဖို့ ယင်းရုပ်လက္ခဏာအရ ထိုသူ၏ ဗီဇ,စရိုက်နှင့် ပင်ကိုယ်အရည်အသွေးတို့အား သိရှိနိုင်ပါသည်။ အထူးသဖြင့် လက်ဝါးပြင်၏ အရေးအကြောင်းများအား ဖတ်ရှု့လေ့လာပြီး ကောက်ချက်ချကြ၏။ သို့သော် မွေးကင်းစ ကလေးတစ်ယောက်အဖို့ လက်ဖ၀ါး၌ အရေးအကြောင်းတို့မှာ ပီသထင်ရှားခြင်း မရှိသေးချေ။ ထို့အပြင် အရေးအကြောင်းတို့မှာလည်း စုံလင်ခြင်း မရှိလှသေးချေ။ ကလေးသည် ဖယောင်းသားနှင့်တူ၍ လိုသလို ပုံသွင်း၍ ရသည်။ ထို့ကြောင့် ဆာလောင်မွတ်သိပ်မှု့အတွက် ငိုကြွေးကာ နို့ရည်တောင်းဆိုတတ်သော မွေးကင်းစကလေးတစ်ယောက်၏ စရိုက်,ဗီဇကို လေ့လာအကဲခတ်နိုင်ပါသည်။ ယင်းမှာ ခက်ခဲလှသော ပညာတစ်ရပ်တော့ မဟုတ်ပါ။ မွေးကင်းစကလေး၏ ဆံပင်ကိုကြည့်ရုံဖြင့် ကလေး၏ ပင်ကိုယ်အရည်အသွေးကို သိရှိနိုင်သော ရုပ်လက္ခဏာဖတ် အတတ်ပညာရှင်မှာ ရှေးကတည်းကပင် တည်ရှိပြီးသားဖြစ်၏။ ဤတည်ရှိပြီးသား ပညာရပ်အား မိခင်တိုင်း ၊ ဖခင်တိုင်းနှင့် မိခင်လောင်း ၊ ဖခင်လောင်းတို့ အားလုံးအတွက် ကြိုတင်ပြီး သိရှိထားနိုင်ရန်အတွက် မဟာနွယ် ( ပညာရေး )၏ ဆောင်းပါးလေးအား ပြန်လည်၍ ရေးသားတင်ပြလိုက်ပါသည်။ ( ၁ ) နူးညံ့ပျော့ပြောင်းသော ဆံပင် မွေးကင်းစ သင်၏ရင်သွေးမှာ နူးညံ့ပျော့ပြောင်းသော ဆံပင်ပါလာလျှင် ထိုကလေးသည် ကျန်းမာရေး ချူချာတတ်သောကြောင့် ဤကလေးမျိုး၏ ကျန်းမာရေးအား အထူးသတိထားကာ စောင့်ရှောက်ရန်လိုအပ်လေသည်။ ************************************************************************************************************************************** ( ၂ ) ကြမ်းတမ်းသော ဆံပင် အချို့မွေးကင်းစ ကလေးများမှာ ဆံပင်များ သန်စွမ်း၍ ကြမ်းတမ်း၏။ ထိုကလေးမျိုးသည် မည်သို့ပင် လျစ်လျူရှု့ထား၍ ပစ်ထားစေကာမူ ကျန်းမာရေး ကောင်းမွန်နေမည်ဖြစ်သည်။ ဆံပင်ကြမ်းသောမှာ အားခွန်ပြည့်ဝပြီး သန်မာသူလည်းဖြစ်သည်။ ************************************************************************************************************************************** ( ၃ ) မည်းနက်သော ဆံပင် မွေးကင်းစကလေး၏ ဆံပင်မှာ မည်းနက်နေပါက အလွန်ကောင်းသော သွင်ပြင် လက္ခဏာဖြစ်ပါသည်။ ဆံပင်မည်းနက်သော ကလေးမှာ သုခုမအနုပညာကို ၀ါသနာပါတတ်၏။ သို့သော်လည်း စိတ်ထိခိုက်လွယ်သောကြောင့် ဤကလေးမျိုးအား ပြုပြင်ထိန်းသိမ်းရာ၌ အကြမ်းနည်းကို မသုံးဘဲ ပျော့ပြောင်းညင်သာစွာ ကိုင်တွယ်သင့်သည်။ မကောင်းကို အကောင်းထင်တတ်၏။ သစ္စာသမာဓိလည်း ရှိတတ်သူမျိုး ဖြစ်ပါသည်။ ************************************************************************************************************************************* ( ၄ ) ဖြောင့်သော ဆံပင် မွေးကင်းစကလေး၏ ဆံပင်သည် ဖြောင့်သောဆံပင်ဖြစ်ပါက ထိုကလေးသည် စိတ်ကောင်း နှလုံးကောင်း ရှိတတ်၏။ ထိုကလေးသည် သြဇာအာဏာနှင့်လည်း ပြည့်စုံတတ်သည်။ သို့သော်လည်း ထိုကလေးမျိုးမှာ အတိုက်အခံ ပြုလုပ်တတ်သော ၀ါသနာရှိသည်။ *************************************************************************************************************************************** ( ၅ ) နီကြောင်သော ဆံပင် မွေးကင်းစကလေး၏ ဆံပင်အရောင်မှာ နီကြောင်ကြောင် အဆင်းရှိပါက ချစ်ခင်လွယ်သော သဘောရှိ၍ မျက်နှာရွှင်ချိုနေတတ်သည်။ သို့သော်လည်း စိတ်မြန်လက်မြန်ရှိ၍ သွက်လက်စွာ လှုပ်ရှားတတ်သည်။ အေးစက်မနေတတ်ချေ။ ဤသို့စိတ်မြန်တတ်၍ အမှားအယွင်းများနှင့် ကြုံရတတ်သည်။ ငယ်ရွယ်စဉ်မှာပင် စိတ်မြန်ပြီး စူးစမ်းတတ်မှု့ ၊ အငြိမ်မနေတတ်မှု့ကြောင့် ထိခိုက်မှု့များနှင့် ကြုံရတတ်၏။ ************************************************************************************************************************************** ( ၆ ) လှိုင်းတွန့်ထနေသော ဆံပင် မွေးကင်းစကလေး၌ လှိုင်းတွန့်ထနေသောဆံပင် ပါရှိလာပါက တစ်နည်းအားဖြင့် အနည်းငယ် ကောက်ယောင်ယောင်ဆံပင်ရှိပါက ထကြွလုံ့လရှိသောသူမျိုး ဖြစ်သည်။ အများအားဖြင့် သည်းခံတတ်သော်လည်း စိတ်ပျက်လွယ်တတ်သည်။ ************************************************************************************************************************************** ( ၇ ) ညိုသော ဆံပင် မွေးကင်းစကလေး၏ ဆံပင်သည် ညိုနေတတ်သည်။ ညိုနေတတ်သည်ဆိုခြင်းမှာ အနက်ရောင်ဖျော့ဖျော့ အရောင်ကို ဆိုလို၏။ ထိုကလေးမျိုးမှာ သနားကြင်နာတတ်၍ ဖော်ရွေမှု့ရှိသူမျိုးဖြစ်သည်။ ကတိသစ္စာ တည်ကြည်သူမျိုးလည်းဖြစ်သည်။ ဖြောင့်မတ်သော သူလည်းဖြစ်သည်။ ************************************************************************************************************************************** ( ၈ ) ရွှေရောင် ဆံပင် ရွှေရောင်ဆံပင်ပိုင်ရှင် မွေးကင်းစကလေးများမှာ အနုပညာညာဉ်ရှိသည်။ စိတ်ကူး အတွေးကောင်းတတ်သည်။ အများအားဖြင့် ပန်းချီ ၊ ဂီတ ၊ ကဗျာတို့၌ ၀ါသနာပါတတ်သူမျိုး ဖြစ်ကြ၏။ မွေးကင်းစအချိန်၌ တည်ရှိနေသော ကလေး၏ဆံပင်သည် ကြီးသည်အထိ တသမတ်တည်း မပြောင်းလည်းဘဲ ဖြစ်တည်နေတတ် သကဲ့သို့ ငယ်ငယ်က ဆံပင်အရောင်အသွေးနှင့် ကြီးလာသောအခါ ဆံပင်အရောင်အသွေးတို့ မတူညီဘဲ ကွာခြားသွားတတ်ခြင်းလည်း ရှိတတ်သည်။ မည်သို့ပင်ဆိုစေ ယခုရေးသားတင်ပြထားချက်သည် မွေးကင်းစအချိန်၌ ပါရှိလာသော ဆံပင်ကိုကြည့်၍ စစ်တမ်းထုတ်ယူရန်သာဖြစ်၏။ ကြီးလာသောအခါ ဆံပင်အရောင်အသွေး ၊ အကောက်အဖြောင့်တို့ ပြောင်းလဲမှု့နှင့်ကား သက်ဆိုင်မှု့ မရှိချေ။ မဟာနွယ် ( ပညာရေး )

No comments:

Post a Comment